Warning: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0 in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 176

Warning: file_get_contents(https://book-myanmar.crane.aero/ibe/search/currencies): Failed to open stream: no suitable wrapper could be found in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 176

Warning: Undefined array key "GEOIP_COUNTRY_CODE" in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 185
စင်္ကာပူနိုင်ငံမှ လည်ပတ်ရန်နေရာဒေသများ

 

စင်္ကာပူဟု ထုတ်ဖော်ရည်ညွှန်းမှုကို အစောဆုံးသိကြရသည်မှာ ၃ ရာစုတွင်ဖြစ်သည်။ တရုတ်လူမျိုးတို့၏ အဆိုအရ ထိုစဉ်က စင်္ကာပူကို "Pu-luo-chung" (ကျွန်းဆွယ်၏အစွန်အဖျားမှကျွန်း) အဖြစ်ဖော်ပြခဲ့ကြသည်။ ယခုအချိန်အထိ ကျွန်း၏သမိုင်းကြောင်းနှင့် စပ်လျဉ်း၍ အနည်းငယ်သာသိရှိကြရသည်။ သို့ရာတွင် ဤအရှိအတိုင်းဖော်ပြချက်သည် စင်္ကာပူ၏ စိတ်ဝင်စားဖွယ်အတိတ်ကို ဖုံးကွယ်လှည့်စားသလို ဖြစ်နေသည်။ ၁၄ ရာစုတွင် စင်္ကာပူသည် ကြီးကျယ်ခမ်းနားလှသော သီရိဝိဇယ (Sri Vigayan) အင်ပါယာကြီး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့ပြီး Temasek - ပင်လယ်မြို့အဖြစ်လူသိများခဲ့သည်။

ဤအချက်မှာ ၃ ရာစုအမည်ထက် မှန်ကန်တိကျမှု မလျော့ခဲ့ပေ။ မလေးကျွန်းဆွယ်၏ ထိပ်ဖျား၊ ပင်လယ်ရေလမ်းကြောင်းများ ဆုံစည်းရာ သဘာဝအချက်အချာတွင် တည်ရှိသည့် စင်္ကာပူသို့ ပင်လယ်ခရီးသွား အမျိုးအစားများပြားစုံလင်လှသည့် ရေယာဉ်များ ရှေးယခင်ကာလရှည်များစွာကပင် လာရောက်ခဲ့ကြသည်။ တရုတ်ကတ္တူလှေများ၊ အိန္ဒိယသင်္ဘောများ၊ အာရပ်လှေကြီးများနှင့် ပေါ်တူဂီစစ်သင်္ဘောများမှသည် ဘူဂစ်စ် (အင်ဒိုနီးရှားမျိုးနွယ်စုတစ်စု) နှစ်ပင်တိုင်ရွက်သင်္ဘောကြီးများအထိ အမျိုးအစားစုံလင်လှသည်။

၁၄ ရာစုအတွင်း ဤသေးငယ်သော်လည်း မဟာဗျူဟာကျကျ အချက်အချာတွင်တည်ရှိသော ကျွန်းငယ်လေးမှာ “Singa Pura” (သို့မဟုတ်) ခြင်္သေ့မြို့ဟု အမည်သစ်တစ်ခုရရှိခဲ့သည်။ ဒဏ္ဏာရီများအရ လာရောက်လည်ပတ်သော သီရိဝိဇယမင်းသားက တိရစ္ဆာန်တစ်ကောင်မြင်တွေ့ခဲ့ပြီး အဆိုပါတိရစ္ဆာန်ကို ခြင်္သေ့တစ်ကောင်ဟု အမြင်မှားခဲ့ရာမှ စင်္ကာပူ၏ ယနေ့မျက်မှောက်အမည် မွေးဖွားပေါ်ထွန်းလာခြင်းဖြစ်သည်။ စင်္ကာပူဇာတ်လမ်းတွင် ဗြိတိသျှတို့က နောက်ထပ်မှတ်သားဖွယ် ခေတ်အပိုင်းအခြားတစ်ရပ်ကို ဖွင့်လှစ်ပေးခဲ့သည်။ ၁၈ ရာစုအတွင်း ဗြိတိသျှတို့က ၎င်းတို့၏ ကြီးထွားလာသော အင်ပါယာကြီး၏ ရေတပ်အုပ်စုအတွက် ပြန်လည်ပြင်ဆင်မွမ်းမံရန်၊ ရိက္ခာဖြည့်စွက်ရန်နှင့် အကာအကွယ်ပေးရန် မဟာဗျူဟာမြောက် လမ်းတစ်ဝက် နားခိုရာတစ်ခု လိုအပ်နေကြောင်း မြင်တွေ့လာကြသည်။ ထို့ပြင်ဒေသအတွင်း ဒတ်ချ်တို့၏ မည်သည့်ချဲ့ထွင်မှုကိုမဆို ကြိုတင်ဟန့်တားထားနိုင်ရန်လိုအပ်ကြောင်း သိရှိလာကြသည်။ အဆိုပါ နိုင်ငံရေးနောက်ခံဖြစ်ရပ်ကို ဆန့်ကျင်လျက် Sir Stanford Raffles က စင်္ကာပူကို ကုန်သွယ်ရေးစခန်းတစ်ခုအဖြစ် ဖွင့်လှစ်ပေးခဲ့သည်။ လွတ်လပ်စွာ ကုန်သွယ်ခွင့်မူဝါဒသည် အာရှတစ်လွှားမှကုန်သည်များနှင့် အမေရိကန် ပြည်ထောင်စု၊ အရှေ့အလယ်ပိုင်း ဒေသစသည် အလှမ်းကွာဝေးလှသည့် ဒေသများမှ ကုန်သည်များကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။ ၁၈၂၄ ခုနှစ်တွင် ခေတ်သစ်စင်္ကာပူ တည်ထောင်ပြီးနောက် ၅ နှစ်သာရှိချိန်တွင် လူဦးရေသည် ယခင် ၁၅၀ မျှသာရှိရာမှ ၁၀,၀၀၀ အထိ တိုးပွားလာခဲ့သည်။

၁၈၃၂ ခုနှစ်တွင် ပီနန်၊ မလက္ကာနှင့် စင်္ကာပူ အကြပ်းအတည်းပြေငြိမ်းရေးအတွက် စင်္ကာပူသည် အစိုးရအဖွဲ့ဗဟိုရုံးစိုက်ရာဖြစ်လာခဲ့သည်။ ၁၈၆၉ ခုနှစ်တွင် ဆူးအက်တူးမြောင်းဖွင့်လှစ်ခြင်း၊ တယ်လီဂရမ်နှင့် ရေနွေးငွေ့စွမ်းအင်သုံးသင်္ဘောများ ပေါ်ထွန်းလာခြင်းတို့သည် ကမ္ဘာ့အရှေ့နှင့် အနောက်အကြား တိုးပွားလာနေသော ကုန်သွယ်မှုအတွက် ဗဟိုဌာနအဖြစ် စင်္ကာပူ၏အရေးပါမှုသည် ပိုမိုမြင့်တက်လာခဲ့သည်။ စင်္ကာပူသည် ၁၄ ရာစုတွင် Siam (ယခုထိုင်း) နှင့် ဂျာဗားအခြေစိုက် Majapahit အင်ပါယာအကြား မလေးကျွန်းဆွယ်အတွက် အငြင်းပွားမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး စစ်မြေပြင်ဖြစ်ခဲ့သည်။

နောက်ထပ် ရာစုနှစ် ၅ ခုကြာပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်း စင်္ကာပူသည် အရေးပါသည့် တိုက်ပွဲဖြစ်ပွားရာ နေရာ ဖြစ်ခဲ့ရပြန်သည်။

စင်္ကာပူသည် မထိုးဖောက်နိုင်သည့် ခံတပ်တစ်ခုအဖြစ် ထင်မှတ်ခဲ့ကြသော်လည်း ဂျပန်တို့က ၁၉၄၂ ခုနှစ်တွင် ကျွန်းကိုစီးနင်းသိမ်းပိုက်ခဲ့ကြသည်။ စစ်ပွဲကြီးပြီးဆုံးပြီးနောက် စင်္ကာပူသည် ဗြိတိသျှတိုက်ရိုက်အုပ်ချုပ်မှုခံ ကိုလိုနီနယ်မြေဖြစ်ခဲ့သည်။ အမျိုးသားရေးဝါဒ ဖွံ့ဖြိုးလာမှုသည် ၁၉၅၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကို ဦးဆောင်တွန်းပို့နိုင်ခဲ့သည်။ ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် စင်္ကာပူသည် လွတ်လပ်သည့်သမ္မတနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။

 

ရေသူခြင်္သေ့ကို စင်္ကာပူ၏ လာဘ်ကောင်အဖြစ် သတ်မှတ်ထားကြသည်။ ရေသူခြင်္သေ့သည် စိတ်ကူးယဉ်ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ဖြစ်ပြီး ခြင်္သေ့တစ်ဝက်၊ ငါးတစ်ဝက်ဖြစ်သည်။ ဤရေသူခြင်္သေ့သည် စင်္ကာပူနိုင်ငံသူ၊ နိုင်ငံသားများ၏ သတ္တိ၊ ကြံ့ကြံခိုင်နိုင်မှုနှင့် စွမ်းပကားတို့ကို ဖော်ကျူးသည့် သင်္ကေတအမှတ် လက္ခဏာဖြစ်သည်။ ဤရေသူခြင်္သေ့ကို ကြည့်ရှုလေ့လာရန် စိတ်ဝင်စားပါက နာမည်ကျော်စင်္ကာပူမြစ်၏ မြစ်ဝတွင် မတ်မတ်ရပ်နေသည့် ၈ မီတာအမြင့်ရှိ ရုပ်တုကြီးကို မြင်ရပါလိမ့်မည်။ ထိုနေရာသို့ရောက်ရှိရန် Raffles Place MRT ဘူတာမှ မြစ်ကမ်းခြေတစ်လျှောက် လမ်းလျှောက်သွားလိုက်ပါ။ 

စင်္ကာပူ၏ တရုတ်တန်းမှာ စင်္ကာပူတစ်ကျွန်းလုံးတွင် လူသိများထင်ရှားကျော်ကြားဆုံး နေရာများအနက်မှ တစ်နေရာပင်ဖြစ်သည်။ တရုတ်တန်းစတင်ခဲ့မှုကို ပြန်ကြည့်မည်ဆိုလျှင် ၁၈၂၀ ပြည့်နှစ်တွင် တရုတ်ပြည်စီမိန်း (Xiamen) မှ ပထမဆုံးတရုတ်ကုန်သည် ကျွန်းပေါ်သို့စတင်ခြေချမှုက အစပျိုးခဲ့ခြင်းပင်ဖြစ်သည်။ ဤနယ်မြေသို့လာရောက်ဖြစ်ခဲ့ပါက ဤနေရာတွင် အရောင်အသွေးစုံလင်လှပြီး တမူထူးခြားသည့် ပတ်ဝန်းကျင် သွင်ပြင်လက္ခဏာ ရှိနေကြောင်း သင်သတိပြုမိပါလိမ့်မည်။ ဤနေရာသည် အလွန်ကြွယ်ဝချမ်းသာသော စီးပွားရေးနယ်မြေတစ်ခုလည်းဖြစ်သည်။ တရုတ်နှစ်သစ်ကူးပွဲတော်ကာလတွင် များပြားလှသည့် တရုတ်ရိုးရာ အစားအသောက်များကို မြင်တွေ့ရမည်ဖြစ်ပြီး တရုတ်တန်း၏ အရောင်အသွေးစုံ ဆင်ယင်ချယ်သထားမှုကို တအံ့တဩဖြစ်သွားစေမည်ဖြစ်သည်။ ထိုနေရာသို့ရောက်ရှိရန် Outram ပန်းခြံ (သို့မဟုတ်) Chinatown MRT ဘူတာမှ လမ်းအနည်းငယ်လျှောက်လိုက်ပါ။ 

စင်္ကာပူမြို့၏ ညဖက်ဘဝကို စိတ်ဝင်စားသူများအတွက် အလွန်လူသိများထင်ရှားသည့် အချိန်ဖြုန်းစရာနေရာ တစ်နေရာပင်ဖြစ်သည်။ ဤနေရာတွင် များပြားလှသော လေအေးစက်တပ် ဈေးဆိုင်ဖွင့်ထားသည့် အိမ်များ၊ အမှတ်တရပစ္စည်းများရောင်းချသည့် တွန်းလှည်းများ၊ အဖျော်ယမကာဆိုင်များ၊ ဒစ္စကိုနှင့် စားသောက်ဆိုင်များကို မြင်တွေ့ရမည်ဖြစ်သည်။ ၎င်းတို့အပြင် ဤနေရာတွင် မြောက်များလှစွာသော လက်မှုအနုပညာပစ္စည်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများကိုလည်း မြင်တွေ့နိုင်မည်ဖြစ်သည်။ ဈေးဝယ်သူများနှင့် ညစာသုံးဆောင်သူများ အတွက် ပြီးပြည့်စုံသည့် နေရာတစ်နေရာပင်ဖြစ်သည်။ ထိုနေရာသို့ရောက်ရှိရန် Clarke Quay MRT ဘူတာမှ မြစ်ကမ်းခြေအတိုင်း သွားလိုက်ပါ။ 

ဆန်တိုဆာကျွန်းသည် စင်္ကာပူ၏ ပထမတန်း ကျွန်းအပန်းဖြေစခန်းတစ်ခုဖြစ်ပြီး များပြားလှစွာသော ဆွဲဆောင်မှုများဖြင့် စိတ်နှလုံးကို ညို့ယူဖမ်းစားမည့်အပြင် တစ်နှစ်တာပတ်လုံး ပွဲလမ်းသဘင်များဖြင့် ပြည့်နှက်နေအောင် စီစဉ်ထားသည်။ သင့်အနေဖြင့် Volcano Land၊ The Orchid Garden၊ The musical fountain၊ အံ့ဖွယ်ဂေါက်ကွင်း၊ ပင်လယ်ကမ်းခြေများတွင် ပျော်ရွှင်ကြည်နူးမှုကိုခံစားရင်း (သို့မဟုတ်) လှပသည့် ကမ်းခြေတစ်လျှောက် နားနားနေနေ အပမ်းဖြေခြင်းဖြင့် အနားယူနိုင်ပါသည်။ ထိုနေရာသို့ရောက်ရှိရန် Vivo City အနီး တာရိုးလမ်းတံတားမှတဆင့် လမ်းလျှောက်လာနိုင်ပါသည်။ Sentosa အမြန်ရထားဖြင့် Harbour Front (ဆိပ်ကမ်းရှေ့ဘူတာ) မှ Vivo City၊ St. James Power Stations မှ Sentosa သို့ လာရောက်နိုင်ပါသည်။ ကား၊ အငှားယာဉ်၊ အများပြည်သူသုံးဘတ်စ်ကားများ (သို့မဟုတ်) MRT ဖြင့်လည်းကောင်း လာရောက်နိုင်ပါသည်။ သင့်အနေဖြင့် အမြင့်ကိုမကြောက်ပါက ကောင်းကင်ကြိုးကားဖြင့် စီးနင်းမှုကိုလည်း ရွေးချယ်နိုင်ပါသည်။ 

ဂျူယွန်းငှက်စခန်းသည် ငှက်များကို လွတ်လပ်စွာပျံသန်းခွင့်ပြုထားသည့် ဆောင်ရွက်ချက်ကြောင့် နာမည်ကျော်ကြားပြီး ငှက်မျိုးစိတ်ပေါင်း ၆၀၀ ကျော် မွေးမြူထားသည်။ အာရှပစိဖိတ်ဒေသတွင် အလားတူအမျိုးအစားငှက်စခန်းများအနက် အကြီးဆုံးဖြစ်ပြီး ငှက်ပန်းခြံအတွင်း ကမ္ဘာ့အမြင့်ဆုံး လူလုပ် ရေတံခွန်ကြီးလည်း ရှိသည်။ ပန်းခြံ၏ နာမည်ကျော်ကြားမှုကို ဖြစ်စေသည့် ကမ္ဘာ့အဆင့် All Star Bird Show ငှက်ပြပွဲကြီးကို တက်ရောက်နိုင်ရေးအတွက် ပြပွဲကျင်းပမည့်အချိန်ကို စစ်ဆေးကြည့်ရှုရန် သတိရလိုက်ပါ။ ထိုနေရာသို့ရောက်ရှိရန် Boon Lay MRT ဘူတာသို့ MRT စီးနင်းလိုက်ပါပြီး ထိုမှတဆင့် SBS ဘတ်စ်ကား ၁၉၄ (သို့မဟုတ်) ၂၅၁ ကို စီးနင်းလိုက်၍ရောက်ရှိနိုင်ပါသည်။ 

Orchard လမ်းသည် မြို့၏ စီးပွားရေး အဓိကလမ်းမ ဖြစ်သည့်အားလျော်စွာ စင်္ကာပူတစ်ခွင်လုံးတွင် လှုပ်လှုပ်ရှားရှားအဖြစ် အများဆုံးနေရာများအနက် တစ်ခုဖြစ်နေသည်။ ဈေးဝယ်သူများအတွက် နိဗ္ဗာန်ဘုံတစ်ခုပင်ဖြစ်သည်။ ဈေးဆိုင်ခန်းများ အချက်အချာသည် Orchard လမ်းပေါ်တွင် ဗဟိုပြုပြီး ၂ ဒသမ ၅ ကီလိုမီတာခန့်အလျား ဖြန့်ကျက်ထားသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးဈေးဆိုင်တန်း (Shopping mall) များ စုစည်းထားရှိသည့် နေရာများအနက် တစ်နေရာအဖြစ်ယူဆကြသည်။ ထိုနေရာသို့ရောက်ရှိရန်မှာ အများပြည်သူသုံးဘတ်စ်ကား၊ အငှားယာဉ် (သို့မဟုတ်) ကိုယ်ပိုင်ကားဖြင့် လာရောက်နိုင်သည် (သို့မဟုတ်) MRT ဖြင့် Orchard MRT ဘူတာအထိ စီးနင်းလိုက်ပါနိုင်သည်။